ခေါင်းမူးရတဲ့ အကြောင်းအရင်းများစွာ
ခေါင်းမူးတယ်ဆိုတာက လူတိုင်းနဲ့ မစိမ်းလောက်ပါဘူး။ တစ်နေ့တစ်နေ့ ကြုံတွေ့ရတဲ့ ဘဝအမောတွေကြောင့် ခေါင်းမူးနိုင်သလို အခြားသော အကြောင်းအရာတွေကြောင့်လည်း ခေါင်းမူးနိုင်ပါတယ်။ ခေါင်းမူးတယ်ဆိုတာနဲ့ ခေါင်းမူးစေတဲ့ အကြောင်းအရာလေးတွေကို သေသေချာချာ သိနိုင်ဖို့ လေ့လာလိုက်စို့နော်။
ခေါင်းမူးတယ်ဆိုတာ ဘာလဲ?
ခေါင်းမူးတယ်ဆိုတာက ခေါင်းထဲကနေ ရိပ်တိပ်တိပ် မူးတာမျိုး ရှိသလို ခေါင်းထဲက ပေါ့ပေါ့ ကြီးနဲ့ မူးနေတာမျိုးလည်း ရှိပါတယ်။ ခေါင်းမူးတာက ရောဂါတစ်ခုလို့ ပြောလို့ မရပေမယ့် အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။
ခေါင်းမူးတာက အဖြစ်များပြီး ပုံမှန်အားဖြင့်ကတော့ စိုးရိမ်စရာ မရှိပါဘူး။ ခေါင်းမူးတာကို အချိန်ကြာမြင့်စွာ မပျောက်ဘဲ ခံစားနေရမယ်ဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။
သင့်ကို ခေါင်းမူးစေတဲ့ အကြောင်းအရင်းများစွာ
ခေါင်းမူးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ များသောအားဖြင့်ကတော့ ခေါင်းမူးတာကို ဖြစ်စေတဲ့ အတွေ့ရများတဲ့ အကြောင်းအရင်းတွေကတော့ အကြားအာရုံ ကမောက်ကမဖြစ်တာ၊ နားပိုးဝင်တာမျိုးတွေကြောင့် ဖြစ်နိုင်သလို အခုလို အကြောင်းအရင်းတွေကြောင့်လည်း ခေါင်းမူးနိုင်ပါတယ်။
- ရေဓာတ် ခမ်းခြောက်တာ
ကိုယ်တွင်းက ရေဓာတ်များစွာ ဆုံးရှုံးသွားတာက ခေါင်းမူးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ ရေဓာတ်ခမ်းခြောက်တာကြောင့် ခေါင်းမူးတဲ့အခါ ခေါင်းမူးတာနဲ့အတူ ရေငတ်တာ၊ အသားခြောက်တာတွေကို ခံစားရနိုင်ပါတယ်။
- ရုတ်တရက် သွေးပေါင်ကျတာ
ရုတ်တရက် သွေးပေါင်ကျတာကလည်း ခေါင်းမူးတာကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ခေါင်းမူးတာကို ဖြစ်စေနိုင်ပါတယ်။
- နှလုံးကြွက်သား အားနည်းတာ
နှလုံးကြွက်သား အားနည်းပြီး နှလုံးက သွေးညှစ်ထုတ်မှု နည်းချိန်မှာ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု နည်းပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။ ပြင်းထန်ရင် သတိလစ်တာမျိုး ခံစားရနိုင်ပါတယ်။
- ရုတ်တရက် နှလုံးရပ်တာ
ရင်ဘတ်အောင့်တာက ရုတ်တရက် နှလုံးရပ်တာရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နိုင်သလို ခေါင်းမူးတာကလည်း ရုတ်တရက်နှလုံးရပ်တာရဲ့ အစောပိုင်းလက္ခဏာတွေထဲက တစ်ခုပါပဲ။
- သွေးလည်ပတ်မှု ပြဿနာ ရှိတာ
သွေးလည်ပတ်မှု မကောင်းတာကလည်း ဦးနှောက်ဆီကို လုံလောက်တဲ့သွေး မရောက်ရှိတာကြောင့် ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။
- နှလုံးစည်းချက် မမှန်တာ
နှလုံးခုန် စည်းချက်မမှန်တာက ခေါင်းမူးတာ၊ ခေါင်းထဲမှာ ပေါ့ပေါ့ကြီး မူးတာ၊ အသက်ရှူ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။
- လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာ
လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ ရေဓာတ်ခမ်းခြောက်တာ၊ အပူရှပ်တာတွေကြောင့် ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။
- အပူရှပ်တာ
ရာသီဥတု အရမ်းပူချိန်မှာ အပူရှပ်တာကြောင့် ခေါင်းမူးတာကို ခံစားရနိုင်သလို ချွေးအရမ်းထွက်တဲ့ အခြေအနေမှာလည်း အပူရှပ်တာကြောင့် ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။
- သွေးပမာဏ ကျဆင်းတာ
သွေးထွက်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် ကိုယ်တွင်းမှာ သွေးပမာဏ ကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအနေအထားက ခေါင်းမူးတာကို ဖြစ်စေနိုင်ပါတယ်။
- စိတ်ဖိစီးတာ
စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာတွေက ခေါင်းမူးတာကို ဖြစ်စေနိုင်ပါတယ်။
- သွေးတွင်းအချိုကျတာ
သွေးတွင်းသကြားဓာတ် ကျဆင်းတာက ကတုန်ကယင် ဖြစ်တာ၊ ဗိုက်ဆာတာတွေကို ဖြစ်စေနိုင်သလို ခေါင်းမူးတာကိုလည်း ခံစားရနိုင်ပါတယ်။
- သွေးအားနည်းတာ
သွေးထဲမှာ သွေးနီဥဆဲလ် နည်းတာကြောင့် သွေးအားနည်းတဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု နည်းပြီး ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။
ဒါတွေအပြင် ကားမူးတာ၊ ကာဗိုမိုနောက်ဆိုက်ဒ် အဆိပ်သင့်တာ၊ ပိုးဝင်ကူးစက်တာ၊ ကိုဗစ်နဲ့ အခြားသော ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့်လည်း ခေါင်းမူးတာကို ခံစားရနိုင်ပါတယ်။
မွန်မွန်